တောင်ကြီး မတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် COVID-19 ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို မတ်လ(၁၀)ရက်က စတင်ထိုးပေးလျက် ရှိကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးနေလင်း၊ သက်ဆိုင်ရာဌာနများနှင့်အတူ မတ်(၁၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ဒေသခံပြည်သူများ COVID-19 ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနေမှုကို သွားရောက်ကြည့်ရှု၍လည်းကောင်း၊ တောင်ကြီးမြို့ မြို့တော်ခန်းမတွင် COVID-19 ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနေသည့် ဒေသခံပြည်သူများ၊ ဝန်ထမ်းများအား ကြည့်ရှုကာ အားပေးစကားပြောကြား ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်ပမာဏပါဝင်မှု တိုင်းတာပေးခြင်း၊ မူလရောဂါအခံ ရှိမရှိ စမ်းသပ်ဆောင်ရွက်ပေး ကြသည်။
အဆိုပါ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို Center (၅)ခုဖြစ်သည့် တောင်ကြီးမြို့ မြို့တော်ခန်းမ၊ အေးသာယာ၊ ဟဲကယ်၊ နောင်ကား၊ စဝ်စံထွန်းဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားပြီး ဆရာတော် သံဃာတော်ကြီးများ၊ အသက် (၆၅)နှစ်အထက် အဖိုးအဖွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ၊ လူမျိုးမရွေး ဘာသာမရွေး ကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံရာ တွင် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးရုံအသီးသီးမှ ပါရဂူများနှင့် ဝန်ထမ်းများမှ ပါဝင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)