ဟိုပန် မတ် ၁၂
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သန်းထိုက်တို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ထိုးနှံခြင်းမပြုမီ ကာကွယ်ဆေး ထိုးနှံမည့်သူများကို ဟိုပန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နယ်မြေခံတပ်နယ်မှ ဆေးတပ်ဖွဲ့များက ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELDကို မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်အဆင့် ဌာနဆိုင်ရာ (၂၀)ဦးနှင့် နေ့လယ်ပိုင်းတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ(၃၀)ဦး စုစုပေါင်း (၅၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်သည်။ မတ်လ ၁၂ ရက်နေ့တွင် ကျန်ရှိသည့် ဒေသခံပြည်သူနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး မတ်လ ၂၈ ရက်နေ့တွင် ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။ ဟိုပန်မြို့ရှိ ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELDကို လူဦးရေ ၁၉၂၀ ဦးအတွက် ရရှိထားပြီးဖြစ်ကြောင်း ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦးထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)