ဒက္ခိဏခရိုင်နှင့် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

နေပြည်တော် မတ် ၁၁ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံတော်ရဲ့ တာဝန်များကို အခြေအနေအရ လွှဲပြောင်းရယူခဲ့ရပြီးနောက်ပိုင်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေနဲ့ ဝန်ထမ်းကျင့်ဝတ်များနဲ့အညီ နိုင်ငံတော်ကို သစ္စာရှိစွာဖြင့် အုပ်ချုပ်ရေးယန္တရား ယိမ်းယိုင်မှုမရှိအောင် ကိုယ်စီတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြတဲ့အပေါ်မှာလဲ အထူးပင် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်(၅)ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေး ယန္တရားရဲ့ အဓိကကျတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေနဲ့ နိုင်ငံတော်ရဲ့ မူဝါဒများ အောင်မြင်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများဟာ ခေတ်အဆက်ဆက် မည်သည့်အစိုးရ၊ မည်သို့သော အုပ်ချုပ်ရေးစနစ်မျိုးမှာပဲဖြစ်ဖြစ် တာဝန်ကျေပွန်သည့်ဝန်ထမ်းများအဖြစ်နဲ့ ကျရာအခန်းကဏ္ဍမှာ တာဝန်သိသိ သစ္စာရှိစွာဖြင့် အုပ်ချုပ်ရေးယန္တရား ပိုမိုအားကောင်းခိုင်မာအောင် ဆောင်ရွက်ပေးခဲ့တဲ့အစဉ်အလာကို ဆက်လက်ထိန်သိမ်းကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် က CDM လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိပဲ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လုပ်ငန်းများ စနစ်တကျစီမံ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ဒက္ခိဏခရိုင်နှင့် ဇမ္ဗူသီရိ မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ ယနေ့ ကျင်းပသည့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ရာတွင် ဒက္ခိဏခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၅၂)ဦးနှင့် ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၃၅)ဦး စုစုပေါင်းဝန်ထမ်း (၈၇)ဦးတို့အတွက် ငွေကျပ် (၁၂၁၉၉၀၀)တန်ဖိုးရှိ ဆန်၊စားသုံးဆီ၊ ကြက်ဥနှင့် ကြက်သွန်များကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)