မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု ကြည့်ရှုအားပေး

မိုင်းယောင်း မတ် ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမြတ်သူသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ စုရပ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့သည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်သည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသော သံဃာတော်များ၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား နွေးထွေးစွာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။ စိုင်းအောင်ဇော်လင်း