ပင်းတယ မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီကစတင်၍ ပင်းတယမြို့နယ် ဓမ္မာရုံ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ မိုင်းအင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့်၊ ပွေးလှကျေးရွာခန်းမတို့၌ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခြင်းကို အမှတ်(၄) တပ်မတော်ဆေးရုံ၊ ကုတင် (၁၀၀)မှ ဗိုလ်မှူးအောင်အောင်သူရိန် ဦးဆောင်၍ သူနာပြုအရာရှိများ၊ သူနာပြုအကူများ ပါဝင်သည့် အဖွဲ့ဝင် (၂၈)ဦးတို့သည် မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံမည့် သူများအား အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ဆေးထိုးနှံမည့်သူများ လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြား၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရူ့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မတ်လ(၁၀)ရက်မှ (၁၁)ရက်နေ့အထိ ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)