ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံဆောင်ရွက်

တောင်ကြီး  မတ်  ၁၀

          ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များအသီးသီးတွင် ဒေသခံပြည်သူများအား မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

          တောင်ကြီးမြို့၊ မြို့တော်ခန်းမစုရပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်နေမှုအခြေအနေအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ဒေသခံပြည်သူများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အဖွဲ့သည် မူလမင်းကွန်း ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကြည့်ရှုပြီး ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင် ပမာဏ ပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထား ရှိမှသာကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အတွင်း ပထမအကြိမ်အဖြစ် လူဦးရေ(၂)သိန်းအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လူဦးရေ (၈)သောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် လူဦးရေ(၄)သောင်း ၊ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လူဦးရေ(၈)သောင်းတို့အား ထိုးနှံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် မြို့နယ်(၂၇)မြို့နယ်၌ စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကျန်မြို့နယ်များတွင်ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများအပြင်တပ်မတော်ဆေးရုံအသီးသီးမှ ပါရဂူများနှင့် ဝန်ထမ်းများက ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)