တန့်ယန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

တန့်ယန်း  မတ်  ၁၀

            ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အမှတ်(၂)ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီမှ စတင်ထိုးနှံပေးခဲ့သည်။

            အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကြီးကြပ်ကာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးတို့တွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် လူမှုရေးအသင်းအဖွဲ့များအား နယ်မြေခံ အမှတ်(၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆရာဝန်နှင့် သူနာပြု (၁၅ )ဦးတို့က အဖွဲ့သုံးဖွဲ့ခွဲကာ ထိုးနှံပေးခဲ့ကြသည်။

            နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၃၇၁)လုံးအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူ စုစုပေါင်း (၃၇၂၅)ဦးကို ပထမအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။                     

မင်းလွင်ဦး(ပြန်/ဆက်)