မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၈ ရက်နေ့ ည ၆ နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အဆင့်ဆင့်ထိုးနှံပေးလျက်ရှိပါကြောင်း၊ မြို့နယ်အတွင်းမှ အသက်(၆၅)နှစ်အထက်ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများနှင့် အခြားလူမှုရေး အဖွဲ့ဝင်များလည်း ထိုးနှံပေးမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် နေရာနှင့် ဆေးသယ်ယူပို့ဆောင်မည့် အစီအစဉ်များ၊ ဆေးသိုလှောင်မည့် အစီအမံများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တပ်မတော်သား ဆရာဝန်များ၊ တပ်မတော်သား ဆေးသူနာပြုများနှင့် ဌာနဆိုင်ရာများက ပူးပေါင်းပြီး ကာကွယ်ဆေးကို ထိုးနှံပေးမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း စနစ်တကျနှင့် အဆင်ပြေအောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့ကိုးဖွဲ့ကိုလည်း ဖွဲ့စည်းထားပါကြောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် လိုအပ်သည်များ ပူးပေါင်းပါဝင်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦး၊ တပ်ရင်းတပ်ဖွဲ့မှ အရာရှိများနှင့် ဌာနဆိုင်ရာများ၊ မိုင်းယု-မိုင်းယောင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အားချာ