‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဟိုပန် မတ် ၈

          ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ထောက်ပံ့သောပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဟိုပန်မြို့ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သန်းထိုက်မှ ဌာနဆိုင်ရာ ဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းနှင့်ပတ်သပ်၍ ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက်အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်ဥ တို့ကို ထောက်ပံ့ပေးအပ်ရာ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများကိုယ်စား ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးပိုင်တို့မှ အသီးသီးလက်ခံရယူခဲ့ကြကာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်စိုးက အဆိုပါထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းနိုင်လင်း (ခရိုင်ပြန်/ဆက်)