ဆီဆိုင်မြို့မဈေးအနောက်ဖက်လမ်း(စိန်ပန်းလမ်း)ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင်     မတ် ၈

          ရပ်ကွက်နေပြည်သူများနှင့် ဈေးရောင်း/ဈေးဝယ်ပြည်သူများ သွားလာရေးအဆင်ပြေစေရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့မဈေးအနောက်ဖက်လမ်း (စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် (၂၂.၅၁၅)သန်းဖြင့် တင်ဒါအောင်မြင်သော လင်းဖြူအောင်ကုမွဏီမှ တာဝန်ယူဆောင်ရွက်သည့် အရှည် ၇၆၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၉ လက်မရှိ ဆီဆိုင်မြို့မဈေးအနောက်ဖက်လမ်း (စိန်ပန်းလမ်း) ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။    

ခွန်ရဲထွေး(ဆီဆိုင်)