ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ ရခိုင်ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းထောက်ပံ့

စစ်တွေ မတ် ၆ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦးတို့မှ ရခိုင်ဒေသတွင် ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့သော အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စစ်တွေမြို့အမှတ်(၃၆) ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း က ဝန်ထမ်းတစ်ဦးအနေဖြင့် အထက်ကပေးအပ်လာသော တာဝန်များကို ကျေပွန်စွာဆောင်ရွက်ခြင်းသည် အမြင့်မြတ်ဆုံး၊ ဂုဏ်သိက္ခာအရှိဆုံးအလုပ်ပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့ ပြည်နယ်ကို လာရောက်ပြီး ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်သည်လည်း အခြေအနေတစ်ခုထိ အေးချမ်းသာယာလာသည်ကို တွေမြင်နိုင်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်သူ ပြည်နယ်သားများ ကိုယ်စားအထူးပင် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်းနှင့် ထပ်မံ၍လည်း တာဝန်ကျရာဒေသများတွင် မိမိတို့တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးတို့က ထောက်ပံ့ပစ္စည်းများပေးအပ်ကြရာ အမှတ်(၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး၊ ဒုတိယရဲမှူးကြီး အောင်မျိုးသန့်ကလက်ခံရယူသည်။ ယင်းနောက် ထောက်ပံ့ပစ္စည်းများကို ခေတ္တဗျူဟာစစ်ရေယာဉ်စုမှူး၊ ယာယီဗိုလ်မှူးကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ပေးအပ်ကြရာ အမှတ်(၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှတာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် အမှတ်(၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး၊ ဒုတိယရဲမှူးကြီး အောင်မျိုးသန့်က ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)