မိုင်းယောင်း၌ မြို့နယ်ပညာရေးမှူးရုံး ဆောက်လုပ်လျက်ရှိ

မိုင်းယောင်း မတ် ၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး အသစ်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ RCC နှစ်ထပ် အမျိုးအစား၊ အလျားပေ ၁၀၀၊ အနံပေ ၃၀ အကျယ်ရှိသော အဆိုပါရုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ သန်းဖြင့် စိုင်းရှဲန်ရွက်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။ မိုင်းယောင်းမြို့နယ် ပညာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သိပ္ပံဆောင်များ အသစ်ဆောက်လုပ်ခြင်း၊ အန္တရာယ်ကျောင်းများ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်း၊ KG ကျောင်းဆောင် တည်ဆောက်ခြင်း၊ ဆရာ ဆရာမ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ စာကြည့်တိုက် အသစ်ဆောက်လုပ်ခြင်း၊ ရုံးအဆောက်အဦများ အသစ်ဆောက်လုပ်ခြင်း၊ မပြီးပြတ်သေးသော ကျောင်းဆောင်များ အပြီးသတ်ဆောက်လုပ်ခြင်း စသည့် တည်ဆောက်ရေးလုပ်ငန်း ၃၀ အတွက် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၁၂၁၂ ဒသမ ၃၃၈ ဖြင့် တင်ဒါအောင် ကုမ္မဏီများက အသီးသီး တာဝန်ယူ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။ စိုင်းအောင်ဇော်လင်း