ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မောင်တော မတ် ၆ ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုး ဆော်ခြင်း ကို မီးသတ်ဦးစီး ဌာနမှတပ်ဖွဲ့ဝင်များက မတ် ၅ ရက် နေ့လည် ၃ နာရီ အချိန်ခန့် မြို့ပေါ်ရပ်ကွက်များအတွင်း လုပ်ဆောင်ခဲ့ကြသည်။ ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မျိုးကျော်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံးများတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာ ဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံး ဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေး အတွက် အသိပေးလိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။ သက်လွင်စိုး(ခရိုင် ပြန်/ဆက်)