မော်လမြိုင် မတ် ၆
ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပွဲ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက အဖွင့်အမှာ စကားပြောကြားပြီး ကောင်စီဝင်များမှ ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း၊ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တင်လှူပွဲ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြု ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ ကျိုက်သလ္လံစေတီတော်မြတ်ကြီးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကောင်စီဝင်များနှင့် ဌာနဆိုင်ရာများမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို မွန်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျိုက်သလ္လံစေတီတော်မြတ်ကြီး ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို မတ်လ စတုတ္ထပတ်တွင် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာများတို့က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်း အခမ်းအနားနှင့် (၄၇)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)