ရှမ်းပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး     မတ်        ၅

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ကျေးလက်နှင့်မြို့ပြ ကွာခြားမှုမရှိစေရေး၊ အချို့ ကျေးလက်ဒေသများ အဆင့်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် အသုံးစရိတ်များ ရှိပါကြောင်း၊ ချမှတ်ထားသည့် အသုံးစရိတ်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေး တိုင်ပင်ကာ ဦးစားပေးခေါင်းစဉ် ချမှတ်၍ အချိန်ကုန်ပြီး လုပ်ကိုင်သည့် လုပ်ငန်းမျိုး မဖြစ်ရအောင် မြေပြင် တွင် လုပ်ငန်းပျောက်၍ ငွေကြေးကုန်ကျပြီး လုပ်ငန်းတွင် အရာမရောက်မှုမျိုး မဖြစ်စေရေးအတွက် ငွေပမဏ ကို သုံးသပ်ကာ မည်သည့် မြို့နယ်၊ မည်သည့်နေရာတွင် အသုံးပြုမည်ကို ဌာနဆိုင်ရာအနေဖြင့် တင်ပြ ထားရန်လိုပါကြောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲ အနေဖြင့်လည်း ချပြမည့်လုပ်ငန်း တွင် အသင့်တော်ဆုံး၊ ဦးစားပေး၊ ဆိုင်းငံ့ရွေးချယ်ကာ လုပ်ငန်းများအဆင့်ဆင့် ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးခွန်သိန်းမောင်မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီ အပါအဝင် ကျန်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့တွင် နှစ်စဉ် လိုအပ်နေသည့် လုပ်ငန်းငွေများကို ပြည်ထောင်စုမှ နှစ်စဉ်အပ်ငွေ များကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးအတွက် ငွေလုံး ငွေရင်းနှင့် အသုံးစရိတ်ကို ပြည်ထောင်စုမှ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ၎င်းတို့ အထဲမှ မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်း အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေး လုပ်ငန်းများ၏ ခေါင်းစဉ်ရှိပါကြောင်း၊ အ​ကြောင်းအမျိုးမျိုးကြောင့် ဒေသအခြေအနေအရ မဆောင်ရွက်နိုင်မှုများလည်း ရှိ​သောကြောင့် မြို့ပြငယ် များတွင် လုပ်ငန်းများ အခက်အခဲများ ရှိနိုင်ကြောင်း၊ ထင်သာမြင်သာရှိမည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အဓိကမှာ မူဝါဒနှင့်အညီ ဒေသရှိပြည်သူများကို အကျိုးပြုနိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်၊ ဌာနများအနေဖြင့်လည်း ဝိုင်းဝန်းဆွေးနွေးပေး ကြရန်လိုကြောင်း၊ ထင်သာမြင်သာဆောင်ရွက်မည်ဆိုပါက မြို့ပေါ်အနေဖြင့် မြို့ကြီးပြကြီးများသည် တိုးတက်နေပြီ ဖြစ်၍ ကျန်သည့်မြို့ငယ်များကိုစဥ်းစားပေးရန်လိုကြောင်း၊ မြို့ငယ်များတွင် ထင်သာမြင်သာရှိစေရန် ဥပမာအားဖြင့် ရေပေးဝေရေးလုပ်ငန်းများ၊ မြို့နယ်ခန်းမများ ဟောင်းနွမ်းပျက်စီးနေမှုများရှိပါက ဆောင်ရွက်ပေးရန် သင့်/မသင့်၊ ရေရရှိရေးနှင့် လမ်းကိစ္စရပ်များတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအနေဖြင့် ဝိုင်းဝန်း ဆွေးနွေးပေးကြရန် ညှိနှိုင်းဆွေးနွေး ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဦးနေလင်းနှင့် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးကြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)