ကလောမြို့နယ် ဟဲဟိုးလေဆိပ်အနီးတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွား

ကလော မတ်လ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးလေဆိပ်အနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့် အချိန်က တောမီးဧက(၄၀)ခန့် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ချုံနွယ်ပင်၊ မြက်ခြောက်များ၊ ဧက ၄၀ ခန့်‌ လောင်ကျွမ်းခဲ့ကြောင်း၊ လူနေအိမ်အဆောက်အဦများ မီးကူးစက် လောင်ကျွမ်းခြင်း မရှိကြောင်း (လူ နှင့် တိရစ္ဆန်) ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး မရှိကြောင်းသိရသည်။

တောမီးလောင်ကျွမ်းရာနေရာသို့ ကလောမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်( ၁ )စီး၊ ဟဲဟိုးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရွှေညောင် နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁)စီး၊ အောင်ပန်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ဟဲဟိုး လေဆိပ်မှ လေယာဉ်မီးငြှိမ်းသတ်ယာဉ် (၂)စီးတို့ဖြင့် ကလောမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇော်နှင့် ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင် မီးသတ်စခန်းမှတာဝန်ရှိသူများ၊ သန္ဓေတပ်ဖွဲ့ ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲချိန်ခန့်က မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ကလောမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)