မြစ်ကြီးနား မတ် ၅
ကချင်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆုံးဖြတ်ခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များအား ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် လျှောက်ထားလာသည့် စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သည့် လုပ်ငန်းများ၊ လယ်ယာမြေ၊ အခြားနည်းလမ်း အသုံးပြုခွင့်များနှင့် ပတ်သက်၍ စိစစ်ခွင့်ပြုနိုင်မှု အခြေအနေ၊ စိစစ်ဆဲအမှုတွဲ အခြေအနေများနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ပြည်နယ်အတွင်းရှိ လျှောက်ထားတင်ပြလာသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လယ်ယာမြေယာစီမံခန့်ခွဲရေး အဖွဲ့များ၏ စိစစ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဗဟိုကော်မတီနှင့် ပြည်နယ် ကော်မတီတို့မှ စိစစ်ခွင့်ပြုရန် ကိစ္စရပ်များကို အကြံပြုဖြည့်စွက် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးအကြံပြုချက်များအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ကောင်စီအဖွဲ့အနေဖြင့် ပြည်နယ် တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်နေသကဲ့သို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ ပြည်နယ်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး အတွက်ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေး အခြေခံသည့် ပြည်နယ် တစ်ခုဖြစ်သည့်အတွက် အဆိုပါကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် ပေးရမည်ဖြစ်ပြီး မြေယာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်အတွင်း လျှောက်ထားတင်ပြလာသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာများ၊ လယ်ယာမြေ အခြားနည်းလမ်း အသုံးပြုခွင့်ရရှိရေးဆိုင်ရာများ နှင့်ပတ်သက်၍ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့၏ အစည်းအဝေး ဆုံးဖြတ်ချက်တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ပေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)