ချင်းရွှေဟော် မတ် ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား တရုတ်နိုင်ငံ၊ နယ်ခြားစောင့်လူဝင်မှုစစ်ဆေးရေးဌာန၊ ရဲမှူးလော်ခေး ဦးဆောင်သည့်အဖွဲ့မှ မတ်လ(၃)ရက်နေ့က (၃၃)ဦးနှင့် မတ်လ(၄)ရက်နေ့၊မွန်းလွဲ(၄)နာရီအချိန်က(၆၆)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၉၉)ဦးအား ချင်းရွှေဟော်မြို့၊မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်တွင် လွှဲပြောင်းပို့ဆောင်ခဲ့ရာ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စိစစ်လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၉၉)ဦးမှာ အမျိုးသား(၆၇)ဦး၊ အမျိုးသမီး(၃၂)ဦးတို့ဖြစ်ကြပြီး မကွေးတိုင်းဒေသ ကြီးမှ(၃၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၁၀)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၂၃)ဦး၊ ကယားပြည်နယ်မှ(၄)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၉) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၁)ဦး၊ ကချင်ပြည်နယ်မှ(၈)ဦး၊ မွန်ပြည်နယ်မှ(၁)ဦး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ(၁၁)ဦး တို့ဖြစ်ကြောင်း သိရသည်။
၎င်း နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ခေတ္တထားရှိကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးဆောင်ရွက်ပြီး သက်ဆိုင်ရာဒေသအသီးသီးသို့ ဆက်လက် လွှဲပြောင်း ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)