ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး မတ် ၄ ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့ကြောင်း၊ ရှမ်းပြည်နယ်တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေး လိုအပ်ချက်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွက် (၈)သောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) (၈)သောင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် (၄)သောင်း၊ စုစုပေါင်း လူဦးရေ(၂)သိန်း ဆေးထိုးနိုင်ရန် တင်ပြထားပါကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများသည် CDM တွင် ပါဝင်နေသောကြောင့် တပ်မတော်စစ်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားချက်များ ရှိပြီးဖြစ်ကြောင်း၊ မတ်လအတွင်း ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်၊ ရှမ်းပြည်နယ်အတွက် ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် အားလုံးဝိုင်းဝန်း ကြိုးစားပေးကြရန် မှာကြားလိုကြောင်း၊ COVID-19 ရောဂါ မပြန့်ပွားရေး ထိန်းချုပ်နိုင်ရန်အတွက် ရေရှည်မှာ စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းပါဝင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှဦးနှင့် တွဲဖက်အတွင်းရေးမှူး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းတို့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးမှူးများမှ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ် Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြေင်း သိရှိရသည်။ မောင်မောင်သန်း(တောင်ကြီး)