မိုးနဲမြို့နယ်၌ ခရီးသွားကျေးရွာတစ်ရွာ ဖော်ဆောင်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မိုးနဲ မတ် ၄ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ခရီးသွားကျေးရွာတစ်ရွာ ရွေးချယ်အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေပွဲကို မတ်လ ၃ ရက် ညနေပိုင်းက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က တိုင်းဒေသကြီးပြည်နယ်များထဲတွင် ရှမ်းပြည်နယ်သည် ဧရိယာအားဖြင့် အကျယ်ဆုံးပြည်နယ်တစ်ခုဖြစ်ပြီး မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစု ၃၃ စု မှီတင်း နေထိုင်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် ခရီးသွားအရင်းအမြစ်များကို အသုံးချ၍ ခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဒေသလူမှုစီးပွားရေးဘဝ မြှင့်တင်ရန်အတွက် လည်းကောင်း မြို့နယ်အတွင်းရှ ိကျေးရွာတစ်ရွာအား ခရီးသွားကျေးရွာဖော်ဆောင်ရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေများနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျေးရွာ တစ်ရွာ ရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းဆွေနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ယနေ့တိုင် အထင်အရှားရှိနေသော ရှေးဟောင်း အနုပညာလက်ရာရှိသော လွယ်လင်းဘုန်းတော်ကြီးကျောင်းတည်ရှိရာ ကွန်နားကျေးရွာ အုပ်စု လွယ်လင်းကျေးရွာကို ခရီးသွားကျေးရွာ အဖြစ်ရွေးချယ်ကာ ခရီးသွားကျေးရွာနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆောင်ရွက်မည့်နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ မျိုးညွန့်ရွှေ (မြို့နယ်ပြန်/ဆက်)