မိုင်းယောင်း မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၏ ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီး၏ သာသနာမြေသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟိုခုံပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
ပထမဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောက ထပ်လုံသာသနာမြေ သတ်မှတ်နိုင်ရေး အတွက် ဩဝါဒမိန့်ကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ထပ်လုံစေတီတော် သာသနာမြေအမည်ပေါက်ရရှိရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် တက်ရောက်လာသည့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ သစ်တောဦးစီးဌာနမှ တာဝန်ခံတောအုပ် ဦးဝင်းအောင်နှင့် ရပ်မိရပ်ဖများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များက ထပ်လုံစေတီတော်မြတ်ကြီး သာသနာမြေ အမည်ပေါက် ရရှိရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း