ရန်ကုန် မတ် ၃ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး နေ့လယ် ၁၂ အချိန်ထိ ဒလမြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ် ကြီးစံပြကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် ရခိုင်ချောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံတို့တွင် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ဆေးထိုးမည့်သူများအား ကနဦး ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်စေပြီး ကျန်းမာရေး ကောင်းမွန်သူ များအား ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ် ပေးလျက်ရှိသည်။ “ဒလမြို့နယ်အတွင်း အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း ၁၀၀၀၀ နီးပါးခန့်ရှိကြောင်း၊ အဆိုပါ သက်ကြီးရွယ်အိုများကို ပထမဦးဆုံးအကြိမ်ဖြစ် ကာကွယ်ဆေးထိုးခြင်းကို ယနေ့တွင် စတင်ပြီး မတ်လ ၅ ရက်နေ့ အထိ ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း၊ ဆေးထိုးစုရပ်များအနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်ကြီး စံပြ ကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် ရခိုင်ချောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံ စသည့် ဆေးရုံတို့တွင် အသီးသီးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်း၊ သက်ကြီးရွယ်အိုများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြဖို့ တိုက်တွန်း အပ်ပါကြောင်း ” မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောကြားခဲ့သည်။ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ စသည့် နာတာရှည်ရောဂါ အခံရှိသောသူများနှင့် ယင်းရောဂါများအတွက် သက်ဆိုင်ရာ ဆေးဝါးများ သောက်သုံးနေရသော သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး၍ ရကြောင်း၊ ရောဂါအခံရှိနေသော သူများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလျှင် အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသင့်သောသူများဖြစ်ကြောင်း သိရသည်။ “အဘွားက သွေးတိုးအခံရှိတယ်၊ ဒီနေ့ သွေးပေါင်ချိန်တာ ပုံမှန်ပဲ၊ နှလုံးခုန်တာလည်းကောင်းတယ်၊ ဆေးထိုးလို့ရ သွားတယ်၊ ပထမက စိုးရိမ်တာပေါ့နော် သွေးတိုးရောဂါအခံရှိတယ်ဆိုတော့၊ ဆေးထိုးရင် တစ်ခုခုဖြစ် မလားဆိုပြီး တွေးပူမိတာပေါ့၊ ခု ကာကွယ်ဆေးထိုးပြီးတော့ ထူးခြားမှုရှိ၊ မရှိကို နာရီဝက် စောင့်ကြည့်တာဖြစ်ပါတယ်” ဟု လာရောက်ထိုးနှံသည့် အဘွားတစ်ဦးက ပြောသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ၊ မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိအတွက် သက်မှတ်နေရာများတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ နိုင်လင်းကျော်(ဒလ)