တွံတေး မတ် ၃ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေးတူးမြောင်းအတွင်းရှိ မူလမန်းကျေးရွာအနီးရှိ ဆိပ်ကမ်း တွင် ဆီတင်စက်လှေဆီပေပါ ရွေရာမှာ ပွတ်တိုက်ပြီး ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်ရာတွင် စက်လှေအတွင်း ဆီပေပါ ၁၅ လုံး အခွံအလုံး(၃၀)ပါရှိပြီး တွံတေးတူးမြောင်းအတိုင်း ရန်ကုန်ဘက်မှ တွံတေးဝဘက်သို့ ရေစီးဖြင့် မျောပါရာ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေယာဉ် (၁)စီး၊ ပုဂ္ဂလိက မီးသတ်ရေယာဉ်(၁)စီးနှင့် ကုန်ပေါ်မှ တွံတေးမီးသတ်ယာဉ်(၄)စီး၊ ဒလမြို့နယ်မှ(၁)စီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ(၁)စီးတို့ လိုက်လံမီးငြှိမ်းသတ်ရာ တွံတေးတူးမြောင်း ၁၉ မိုင်တွင် မီးလောင်စက်လှေအား သင်္ဘောဖြင့် တိုက်မြုပ်လိုက်ရာ ညနေ ၆ နာရီခွဲတွင် မီးငြိမ်းသွားကြောင်း သိရှိရ သည်။ စက်လှေမီးလောင်သဖြင့် စက်လှေလုပ်သား ၂ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လက်ကြာကြီးအုပ်စု၊ မိုးမခကျေးရွာနေ မောင်သက်ပိုင်ဦး (ဘ) ဦးကျော်သူရ အသက် (၂၀) နှစ်နှင့် မောင်မင်းခန့်ဦး (နေရပ်မသိ) တို့နှစ်ဦး အခင်းဖြစ်ပွားရာတွင် မီးလောင်ခံရပြီး တွံတေး ဆေးရုံသို့ အတွင်းလူနာအဖြစ် ကုသနေကာ စက်လှေမှာ သံခွံဖြစ်ပြီး အလျားပေ (၄၀)၊ အနံ (၁၂) ပေ ရှိပြီး စက်လှေတန်ဖိုးငွေကျပ် (၁၀) သိန်းနှင့် ဆီပေပါတန်ဖိုး (၁၂) သိန်း စုစုပေါင်းငွေကျပ် (၂၂) သိန်းဖိုး ဆုံးရှုံးသွားပြီး စက်လှေပိုင်ရှင်အား စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။ မျိုးလှိုင် (တွံတေး)