တောင်ကြီး ဖေဖော်ဝါရီ - ၂၆
လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ ပေးအပ် လှူဒါန်းခြင်းကို ဖေဖော်ဝါရီ(၂၅)ရက်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် သံလွင်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ က တတ်နိုင်သလောက် လုပ်ဖော်ကိုင်ဖက်များကို ကူညီရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အရေးပေါ်ပြဋ္ဌာန်းချက်နှင့် အညီ အားလုံး တည်ငြိမ်အေးချမ်းရန်၊ စီးပွားရေး ပြန်လည်တိုးတက်လာရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့် ရေတိုရေရှည်စီမံကိန်း အောင်မြင်ရန်၊ ကျောင်းများ မကြာခင်ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ တပ်မတော်သားနှင့် တပ်ဖွဲ့ဝင်များက ကျောင်းများတွင် သန့်ရှင်းရေး ပြုလုပ်ပေးနေကြကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းကူညီပေးကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးနှင့် သတင်းတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များတို့ကို ဝိုင်းဝန်းကူညီ ပေးကြသည့်အတွက် အထူးကျေးဇူး တင်ရှိ ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်လှူဒါန်းရာ အမှတ်(၉၄) ခြေလျင်တပ်ရင်း ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဇင်မင်းထွန်း၊ ရှမ်းပြည် နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် တင်ကိုကို၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ပြည်နယ်ဦးစီးမှူးတို့က လက်ခံရယူပြီး အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍လည်းကောင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ်တင်ကိုကို မှ ရဲတပ်ဖွဲ့ များကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြား ကြောင်း သိရှိရသည်။
အဆိုပါ စေတနာရှင် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းပေးသောပစ္စည်းများမှာ ကြက်ဥ၊ ရေသန့်၊ ပဲပုပ်ကြော်၊ အသားတု၊ ကော်ဖီမစ်၊ ရွှေဖီဦးလက်ဖက်ရည်၊ ဆီ၊ ကုလားပဲတို့ဖြစ်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)