မိုင်းယောင်း၌ ပဉ္စမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်း အနားနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူ

မိုင်းယောင်း ဖေဖော်ဝါရီ ၂၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပုဗ္ဗဝိဇယဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ရင်ပြင်တောင်၌ ပဉ္စမအကြိမ်မြောက် ကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားနှင့် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပို့တွဲ လပြည့်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အဆိုပါစေတီရင်ပြင်တော်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားတွင် တက်ရောက်လာကြသော ဆရာတော်ကြီးများ၊ တပ်ရင်းတပ်ဖွဲ့မှ အရာရှိများ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မိုင်းယုမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းထိုင် ဆရာတော်ထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များထံမှ မေတ္တသုတ် ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအနုမောဒနာ တရားတော်ကို နာယူခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ဆက်လက်ပြီး ပုဗ္ဗဝိဇယဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ဆရာတော်ကြီးများနှင့် သံဃာတော် စုစုပေါင်း(၆၀)ပါးတို့အား ဧည့်ပရိတ်သတ်အပေါင်းတို့က သံဃဒါန ဆွမ်းဆန်စိမ်း လောင်းလှူ ခဲ့ကြ ကြောင်း သိရသည်။ အဆိုပါ ပဉ္စမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းကစ၍ အဘိဓမ္မာခုနစ်ကျမ်းကို ငါးရက်တိုင်တိုင် ဆရာတော်များက နေ့ညအသံမစဲ ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)