ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်း ယာဉ်ရပ်နားစခန်း တည်ဆောက်မှုအား သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ တန်ဘောင် ကျေးရွာတွင် ပြည်နယ်အတွင်း ကုန်စည်သိုလှောင်ဖြန်းဖြူးမှု လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး စီမံကိန်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဝိုင်းမော်မြို့နယ်၊ တန်ဘောင်ကျေးရွာရှိ မြေဧက ၂၈ ဧကပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ယာဉ်ရပ်နားစခန်း စီမံကိန်းဆောင်ရွက်နေမှုများ နှင့်ပတ်သက်ပြီး ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ၏ KEP Logistics ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များက စီမံကိန်းဧရိယာအတွင်း ယာဉ်ရပ်နားသည့် နေရာများ၊ ကုန်သိုလှောင်ရုံများ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ တည်းခိုနိုင်သည့် အဆောက်အအုံများ တည်ဆောက် သွားမည့်အစီအစဉ်များနှင့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေမှု အခြေအနေ၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ‌ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် တစ်ဖက်တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ကောင်စီအနေဖြင့် ကြားကာလ တာဝန်ယူစဉ် ကာလအတွင်း စီးပွားရေးရပ်တန့်မှု မရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကပိုင် လုပ်ငန်းများ ဖွံ့ဖြိုးရေးကို အားပေးလျက်ရှိပါကြောင်း၊ ယခုစီမံကိန်း လုပ်ငန်းသည် ဒေသခံတိုင်းရင်းသား အများပိုင်ကုမ္ပဏီ၏ စုဖွဲ့မှုဖြင့် ကချင်ပြည်နယ်အတွက် ရေရှည်တည်တံ့ခိုင်မာသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မိမိတို့ အနေဖြင့် အောင်မြင်အောင် ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကုမ္ပဏီတာဝန်ရှိသူများနှင့် ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စွာဆောင်ရွက်နိုင်ရေး၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အခြေအနေနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့ကို ဌာနဆိုင်ရာများ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ စီမံကိန်းကို ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ တန်ဘောင်ကျေးရွာရှိ မြေဧက ၂၈ ဧက ပေါ်တွင် KEP Logistics ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော်လျက်ရှိပြီး အဆိုပါ စီမံကိန်းပြီးစီးပါက ပြည်တွင်းနှင့် တဖက်တရုတ်နိုင်ငံသို့ ကုန်စည်သိုလှောင်သယ်ယူ ပို့ဆောင်ဖြန့်ဖြူးရာတွင် လွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို ရည်ရွယ်ကြောင်းနှင့် ယာဉ်ရပ်နား စခန်းတွင် ကုန်သိုလှောင်ရုံများ၊ ဆီပန့်ဆိုင်၊ စားသောက်ဆိုင်များအပါအဝင် ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက် တည်းခိုဆောင်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်(ပြန်/ဆက်)