နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အတွင်း အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆ နေပြည်တော်အတွင်း ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ(၂၃)ရက်နေ့ မွန်းလွဲ(၁)နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဘုရားစေတီပုထိုးများနှင့်ဘာသာရေး ဆိုင်ရာအဆောက်အအုံများ ဖွင့်လှစ်ရေး၊ စာသင်ကျောင်းများ အမြန်ဖွင့်လှစ်ရေးနှင့် ကျောင်းဥပဓိရုပ် ကောင်မွန်စေရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း နှင့် ဦးမြင့်စိုးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာဒေသများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ ထွန်းထွန်းဝင်း(ခရိုင်၊ပြန်/ဆက်)