မန်ကန် ဖေဖော်ဝါရီ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ တပို့တွဲလဆန်း (၁၄)ရက်နေ့ ညနေပိုင်းတွင် နှစ်စဉ်ကျင်းပပြုလုပ်မည့် ပွဲလူလို(ခေါ်) တံပူပင်ပွဲတော် ဘုရားမီးပူဇော်ပွဲအတွက် စေတီပုံဖော်ခြင်းကို ယနေ့နက်ပိုင်းက စတင်ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ရွာသူ/ရွာသားနှင့် ရပ်ကွက်သူ/ရပ်ကွက်သားများ စုပေါင်း၍ ဘုရားမီးပူဇော်ရန်အတွက် စေတီပုံအား တံပူပင်အသားဖြင့် တည်ဆောက်ကြသည်။ ဘုရားမီးပူဇော်ရခြင်းမှာ ‘ဘိုးဘွားစဉ်ဆက်က ရှိခဲ့သော ထုံးတမ်းအစဉ်အလာ အယူအဆတစ်ခု မပျောက်ပျက်စေရန်နှင့် ဓာတ်ကြီးလေးပါးမှ တစ်ပါးဖြစ်သည့် မီးဓာတ်လှူဒါန်းခြင်းဖြင့် ‘ရှင်အနုရုဒ္ဓ’ရဟန်းကဲ့သို့ ဉာဏ်ပညာထွန်းလင်း တောက်ပအောင်ဖြစ်သည်’ ဟု ဒေသခံ သက်ကြီးရွယ်အိုတစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းတံပူပင်ပွဲတော်ကို ‘ခေါက်ယာဂု’ခေါ် ထမနဲနှင့် ယှဉ်၍ လှူဒါန်းဖွယ်အဖြစ် ညနေစောင်းချိန်၌ မီးရှို့ပူဇော်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထက် (ပြန်/ဆက်)