မန်တုံမြို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်

မန်တုံ ဖေဖော်ဝါရီ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်ဆန်းကျေးရွာအုပ်စု၊ ပန်လုံကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း (၄)မိုင်၊ (၄)ဖာလုံအား ခွင့်ပြုရန်ပုံငွေ (၃၈.၃၄၃) ကျပ်သန်းဖြင့် စိန်လင်းမိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေပြီး နမ့်ဟိုင်း ကျေးရွာအုပ်စု၊ ကောင်းမှူး ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း (၃)မိုင်အား ခွင့်ပြုရန်ပုံငွေ (၂၇.၆၈၅) ကျပ်သန်းဖြင့် Nyi and Naing ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

လုပ်ငန်းဆောင်ရွက်မှုအနေဖြင့်  ပစ္စည်းများ စုဆောင်းခြင်း၊ ရေပိုက်သွယ်တန်းရန်မြောင်းတူးခြင်း၊ ရေတားတမံ တည်ဆောက်ခြင်း၊ ဂါလံ (၅၀၀၀) ဆန့် ရေကန်တည်ဆောက်ခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်ပြီး ပန်လုံကျေးရွာတွင် လုပ်ငန်းဆောင်ရွက်မှု (၃၀) ရာခိုင်နှုန်းပြီးစီးကာ ကောင်းမှူးကျေးရွာတွင် (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)