နမ္မတူမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

နမ္မတူ ဖေဖော်ဝါရီ ၁၉

နမ္မတူမြို့နယ်တွင် ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ စတင်ကာ နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စု ညောင်ဆွယ်ကျေးရွာနှင့် လွယ်ပြေးကျေးရွာအုပ်စု မန်ဝါကျေးရွာ အနီးတစ်ဝိုက်တွင် TNLA အဖွဲ့၊ SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် လာရောက်ခိုလှုံလျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် ပုဗ္ဗာရုံ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းနှင့် မန်စံကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့ရှိ နမ့်တောင်ကုန်းကျေးရွာအုပ်စု နမ့်တောင်ကုန်း၊ နားကျဲ၊ နားကျိုင်းကျေးရွာ၊ ပန်ချင်ကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်းကျောင်းကျေးရွာနှင့် လွယ်ပြေးကျေးရွာအုပ်စု မန်ဝါကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာကြသော ယာယီ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၀၈)စု၊ လူဦးရေ ကျား (၁၂၃)ဦး၊ မ (၂၂၆)ဦး၊ စုစုပေါင်း (၃၄၉)ဦးတို့အတွက် တန်ဖိုးငွေကျပ် (၇၃၂၉၀၀) တန်ဖိုးရှိ ဆန်အိတ် (၂၅)အိတ်၊ (၁၀)ပြည်၊ (၆)ဘူးအား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)