ရန်ကုန် ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ ရှိသည့်အနက် လက်ရှိအချိန်တွင် ကျေးလက် ဒေသ များ အားလုံး၏ ၉၀ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိနေပြီး ကျေးရွာ ၆ ရွာသာ မီတာတပ်ဆင်ရန် ကျန်ရှိတော့ကြောင်း၊ မကြာမီတွင် ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိနိုင် တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
“၂၀၂၀-၂၀၂၁ မှာ မီးလင်းဖို့ကျန်တာ ကျေးရွာ ၆ ရွာပဲ ကျန်ရှိတော့တယ်၊ ကျူတောရိုးကျေးရွာ၊ ချော်လဲဝ ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ သရောတန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ညောင်လေးပင် ကျေးရွာတွေပဲ ကျန်ရှိတော့တယ်၊ ၄၀၀ ဗို့ဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတွေလည်း ဆွဲပြီးပါပြီ။ မီတာတပ်ဆင်ပြီးရင်တော့ မီးလွှတ်လို့ရပြီ၊ ကျေးရွာတွေ အားလုံးနီးပါး လျှပ်စစ်မီးရရှိနေပြီ ဖြစ်ပါ တယ်၊ တစ်မြို့နယ်လုံးအနေနဲ့ ပြောရမယ်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက် ရရှိနေပြီး ဖြစ်ပါတယ်၊ မကြာမီအချိန်မှာ ကျေးရွာများအားလုံး လျှပ်စစ်မီးလင်းတော့မှာ ဖြစ်ပါတယ်” ဟု မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဒလမြို့နယ်၌ မြို့ရုံ ခွဲရုံ ၃၃/၆.၆ ကေဗွီ၊ ၁၅+၅ အမ်ဗွီအေ ခွဲရုံနှင့် ၊ ပျော်ဘွယ်ကြီးကျေးရွာ၌ ၃၃/၁၁ ကေဗွီ ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ နှစ်ရုံဖြင့် ဒလမြို့ပေါ်ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာစုစုပေါင်း ၅၄ ရွာတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးထားကြောင်း သိရသည်။ ဒလမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ပြီး၊ လျှပ်စစ်ဓာတ်အား မသုံးစွဲနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများအား လျှပ်စစ်ဓာတ်အားရရှိရေးကို အဓိကထားဆောင်ရွက်ခြင်းကြောင့် ကျေးရွာများ၌ လျှပ်စစ်ဓာတ်အားများ ပိုမိုသုံးစွဲလာနိုင်ပြီး ဖြစ်ကာ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် လူမှုစီးပွား ဘဝများ အစစအရာရာ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။
နိုင်လင်းကျော်(ဒလ)