ချင်းရွှေဟော် ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၅)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ဖေဖော်ဝါရီလ(၁၈)ရက်နေ့က (၁၈)ဦးနှင့် ယနေ့နံနက်(၁၁)နာရီအချိန်က(၁၇)ဦး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၃၅)ဦးအား လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၅)ဦးမှာ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၂၂)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် မှ(၁)ဦး၊ မင်္ဂလာဒုံမြို့နယ်မှ(၁)ဦး၊ လှည်းကူးမြို့နယ်မှ(၂)ဦး၊ မှော်ဘီမြို့နယ်မှ(၂)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ(၁)ဦး၊ အမရပူရမြို့နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှ(၂)ဦး၊ ထီးချိုင့်မြို့နယ်မှ(၁)ဦး၊ ကလေးမြို့နယ်မှ(၁)ဦး၊ ဒီပဲယင်းမြို့နယ်မှ(၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ (၅)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်မှ(၁)ဦး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှ(၁)ဦး၊ လားရှိုးမြို့ နယ်မှ(၉)ဦး၊ ကျောက်မဲမြို့နယ်မှ(၂)ဦးနှင့် မိုင်းရယ်မြို့နယ်မှ(၃)ဦးတို့ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် Quarantine (၁၄)ရက် ထားရှိပြီး ချင်းရွှေဟော်မြို့နယ်မြေခံ ဆေးတပ်ဖွဲ့မှ ဆေးမှူးဆရာဝန်နှင့်အဖွဲ့က Rapid Test Kit စနစ်ဖြင့်စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိရကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ ဒေသများသို့ ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)