ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ကျေးဇူးရှင်ကုံလုံကျောင်းဆရာတော် ရုပ်ကလာပ်တော်ထားရှိရာ စဉ့်စံကျောင်းတော်အားပြန်လည်ဖွင့်လှစ်

ပင်းတယ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ထယ်သွန်းကျေးရွာအနီး ကုံလုံကျောင်းတိုက်ရှိ ကျေးဇူးရှင် ကုံလုံကျောင်းတိုက် ဆရာတော်၏ ရုပ်ကလာပ် တော်ထားရှိရာ စဉ့်စံကျောင်းတော်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အခမ်းအနားအား ကုံလုံဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်ထားရှိရာ စဉ့်စံကျောင်းတော် အနီး ဓမ္မာရုံတွင် ပင့်ဖိတ်၍ ကြွရောက်တော်မူလာကြသော မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ  ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော် အရှင်စန္ဒေဘာသ နှင့် ပင့်သံဃာတော် ၁၉ ပါး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့် အဖွဲ့ဝင်များ၊ ကုံလုံစဉ့်စံကျောင်းဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးချစ်စိန်နှင့် အဖွဲ့ဝင်များတို့က နမောဒဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ကြသည်။

ယင်းနောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဆရာတော် သံဃာတော်များကို ကန်တော့ကြကာ ဆရာတော် အရှင်စန္ဒေါဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များက စဉ့်စံကျောင်းတော်အား အန္တရယ်ကင်းပရိတ်တရားတော်မြတ်များကို ရွတ်ဖတ်သရဇ္ဇယ်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်၍ လှူဒါန်းမှုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြ၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

ကုံလုံဆရာတော်ဘုရားကြီး၏ ရုပ်ပလာပ်တော်ထားရှိရာ စဉ့်စံကျောင်းတော်နှင့်အတူ ဆရာတော်ပုံတူရုပ်တုတော်ထားရှိရာ သိရိစကြာရတနာကျောင်းတော်၊ မဟာသီရိမင်္ဂလာ မြတ်စွာဘုရားဆင်းတုတော်၊ ပြည်တော်အေးဆုတောင်းပြည့်စေတီတော်၊ မြတ်ရတနာ နဂါးရုံ ကျောင်းတော်၊ ပြည်တော်ငြိမ်းအေးစေတီတော်တို့အား ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့မှ ယာယီ ပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အများပြည်သူများ လာရောက်ဖူးမြှော်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရ သည်။

ပင်းတယ(ပြန်/ဆက်)