မိုင်းဆတ် ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဝမ်ကောင်း-မာမူအဲ-ပါမူကျေးရွာချင်းဆက် ကျောက်ခင်းလမ်းဆောင်ရွက်နေမှုကို ယမန်နေ့က ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝမ်ကောင်း-မာမူအဲ-ပါမူလမ်း အရှည်(၃)မိုင်တွင် ကျောက်လမ်းခင်းရန် ကျန်ရှိသည့် (၂)မိုင်အား ကျောက်ခင်းခြင်း၊ အရှည်(၁၀)ပေကွန် ကရစ်တံတား(၁)စင်းနှင့် (၅)ပေ Box Culvert (၄)စင်း တည်ဆောက်ခြင်း လုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ်(၃၇၇.၅)သန်းဖြင့် တော်ဝင်တန့်ဆိုင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်း(၄၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်၍ ယမန်နေ့က ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ဝမ်ကောင်း၊ မာမှုအဲနှင့် ပါမူကျေးရွာရှိ အိမ်ခြေ(၁၃၀)အိမ်၊ လူဦးရေ (၇၂၀)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့လာပြီး ဒေသထွက် စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များ ရောင်းဝယ်မှုပိုမိုတိုးတက်လာ၍ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)