ရန်ကုန် ဖေဖော်ဝါရီ ၁၈
မြို့ပြနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရာသီမရွေးသွားလာနိုင်သော လမ်းပန်းဆက်သွယ်ရေးကဏ္ဍ များ ပိုမိုချိတ်ဆက်ပြီး တိုးတက်ကောင်းမွန်စေရေးအတွက် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတား လုပ်ငန်းတာဝန်ခံအဖွဲ့မှ အရှိန်အဟုန် မပျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကျေးလက်ဒေသများ၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရသည်။
“မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ကျေးလက်ဒေသတွေရဲ့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကိုပါ အရှိန်အဟုန်မပျက် ဆောင်ရွက်နေပါတယ်၊ ကျွဲလူးအိုင်ကျေးရွာအဝင်လမ်း အရှည်ပေ ၇၂၀၀၊ အကျယ် ၁၄ ပေကို ကျောက်ချောလမ်း ခင်းပြီးပါပြီ၊ ညောင်ပင်ကျေးရွာကနေ ရွှေလှေချောင်းကျေးရွာအထိ အရှည် ပေ ၁၆၅၀၀ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီးဖြစ်ပါတယ်၊ ရခိုင်ချောင်ကျေးရွာနဲ့ ခနောင်ကျေးရွာတို့ကို ဆက်သွယ်တဲ့ မြို့ရှောင်လမ်းမကြီးကိုလည်း အပိုင်း(၁) အရှည် ပေ ၆၈၀၀ ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျောက်ချော လမ်းခင်းပြီးသွားပါပြီ၊ အပိုင်း(၂) အရှည် ပေ ၈၀၀၀၊ အကျယ် ၁၆ ပေ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအနေနဲ့ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပါပြီ၊ လာမယ့် ၂၀၂၁ စက်တင်ဘာလမှာ ဒလမြို့နယ်မှာရှိတဲ့ ကျေးရွာအချင်းချင်း ချိတ်ဆက်သွားလာမှု အားကောင်းလာမှာဖြစ်ပါတယ်၊ ခုဆို ကျေးရွာချင်းဆက်လမ်းနဲ့ တံတားတွေကို အကောင် အထည်ဖော်ဆောင်ရွက်မှုကြောင့် အရင်ကထက် အများကြီးဖွံ့ဖြိုးတိုးတက်လာပါတယ်၊ ကျေးလက်ဒေသတွေရဲ့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအနေနဲ့ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာန ဦးစီးအရာရှိ ဦးမောင်မောင်လွင်က ပြောသည်။ ထို့အတူ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း၌ ရခိုင်ချောင်ကျေးရွာ-လိပ်ကုန်းကျေးရွာ-အနိုးချောင်ကြီး ကျေးရွာ ချင်းဆက်ကုန်ထုတ်လမ်း အရှည် ပေ ၉၃၅၀၊ သမ္ဗာန်ချောင်းကျေးရွာ-ဝဲကြီးကျေးရွာချင်းဆက် ကုန်ထုတ်လမ်း အရှည် ပေ ၈၁၀၀ တို့ကို ရာသီမရွေးသွားလာနိုင်မည့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကျေးလက်ဒေသများကို စနစ်တကျ ဖွံ့ဖြိုးရေးအတွက် အခြေခံဖြစ်သော လမ်းများ၊ တံတားများ၊ ရေမြောင်း စသည့် ကဏ္ဍများကို နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ဒလမြို့နယ်၌ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာ စုစုပေါင်း ၅၄ ရွာရှိကာ ကျေးလက်ဒေသများတွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု ကြောင့် ဖွံ့ဖြိုး တိုးတက်မှုများ နောက်ကျခဲ့သော်လည်း၊ လက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာစေ ရေး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ၊ တံတားများတည်ဆောက်ပေးမှုကြောင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
နိုင်လင်းကျော်(ဒလ)