ကလော ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့ အမှတ်(၁၀)ရပ်ကွက် ချယ်ရီလမ်း တွင် ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ဖယောင်းတိုင်အား အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ရာမှနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာ လူ(၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေအိမ်၌ ဖယောင်းတိုင်အား အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်အပေါ်ထပ် တစ်ခုလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်၊ ရဲအုပ်ဆန်းလွင် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇော် ဦးစီးတပ်ဖွဲ့ဝင်များ ၊ပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်(၂)စီး အထောက်အကူပြုယာဉ် ၁ စီး ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၈ နာရီအချိန်ခန့် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ် (၂၇) ပေ x (၂၅) ပေ တိုက်ခံ ပျဉ်ထောင် သွပ်မိုး (၂) ထပ်အိမ် အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး(၅)သိန်းကျပ်ခန့်ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တွင်နေထိုင်သူ (ခင်ပွန်း)ဖြစ်သူမှာ မျက်နှာ၊ ဝဲ/ယာ လက်နှစ်ဖက်နှင့် ဝဲ /ယာ ခြေထောက်များတွင် မီးလောင်အရေပြားလန် ဒဏ်ရာများ၊ သားဖြစ်သူမှာ မျက်နှာ မီးလောင် ဒဏ်ရာများ၊ မြေးတော်စပ်သူတွင် မျက်နှာ၊ ဝဲ/ယာ လက်နှစ်ဖက် နှင့် ဝဲ/ယာ ခြေဖဝါးတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုခဲ့သူ အိမ်ရှင်အား ကလောမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)