ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၆၇)ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေး

ချင်းရွှေဟော်     ဖေဖော်ဝါရီ  ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်   နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့၊မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် သီးခြားထားရှိပြီး ချင်းရွှေဟော်နယ်မြေခံ စကခ(၁)၊ကျောက်မဲ၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ်(၂)တပ်ခွဲမှ ဆေးမှူးဆရာဝန် ဗိုလ်ကြီးဌေးဦးနှင့်အဖွဲ့၊ အမှတ်(၂၃၉)၊ ခြေလျင်တပ်ရင်း၊ ဆေးတပ်စုမှဆေးမှူး ဗိုလ်ကြီးချမ်းငြိမ်းဆွေနှင့်အဖွဲ့က ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  ယမန်နေ့နံနက်(၁၁)နာရီအချိန်တွင် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ   Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့သည့်  မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၆၇)ဦးမှာ  အမျိုးသား(၃၅)ဦး၊ အမျိုးသမီး(၃၂)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီးမှ(၆)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၃)ဦး၊ ကချင်ပြည်နယ်မှ(၂)ဦး၊ နေပြည်တော်မှ(၃)ဦး၊ မွန်ပြည်နယ်မှ(၁)ဦး၊ ရခိုင်ပြည်နယ်မှ(၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၁)ဦး၊  ရှမ်းပြည်နယ်မြောက်ပိုင်းမှ(၂၉)ဦး နှင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ(၇)ဦးတို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ  နေရပ်ပြန်ပြည်သူ အားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)