ပင်းတယ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ရှေးဟောင်း သမိုင်းဝင်ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားအား ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကာလ မှစ၍ ယာယီပိတ်ထားခဲ့ရာ ယနေ့ ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်လည် ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ဘုရားအနေကဇာတင်ခြင်းမင်္ဂလာအား ပင်းတယမြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အရှင်စန္ဒေါဘာသနှင့် ဩဝါဒစရိယ ဆရာတော်များက ရွှေဥမင်ဘုရားရှိ စေတီ ပုထိုးတော်များအား အနေကဇာတင်ခြင်း မင်္ဂလာကိုရွတ်ဆို အနေကဇာတင်တော်မူသည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့်အဖွဲဝင်များ၊ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များတို့က လိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းစေတီပုထိုးတော်များအား လိုက်လံဖူးမျှော်ကြည်ညို ကြပြီး မြို့နယ်သံဃနာယကဆရာတော်နှင့် ဩဝါဒစရိယ ဆရာတော်များက လိုဏ်ဂူတော်အတွင်း လိုအပ်သည်များကို မိန့်ကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွှေဥမင်ဘုရားအပေါ် ပစ္စယံ ရင်ပြင်တော်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များတို့က မြို့နယ် သံဃနာယက ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များအား ကန်တော့ကြပြီး ငါးပါးသီလခံယူ ဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ယမန်နေ့မှစတင်၍ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လာရောက်ဖူးမြှော် နိုင်ပြီဖြစ်ပြီး ဂူအတွင်းသို့ တစ်ကြိမ်လျှင် သတ်မှတ်ထားသည့် လူဦးရေအကန့်အသတ်ဖြင့်သာ ဝင်ရောက်ဖူးမျှော်ရမည်ဖြစ်သည်။
အလားတူ ကျေးဇူးရှင်ကုံလုံဆရာတော်၏ ရုပ်ကလာပ်တော်ထားရှိရာ ကုံလုံစဉ့်စံကျောင်းတော် ကိုလည်း လာမည့်ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပင်းတယ(ပြန်/ဆက်)