မိုင်းယောင်းမြို့၌ ဖရဲသီးများ ခူးဆွတ်ရောင်းချနေပြီဖြစ်၍ ဝယ်ယူစားသုံးသူများပြား

မိုင်းယောင်း ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ တစ်ပိုင်တစ်နိုင် ဖရဲစိုက်ခင်းမှ ဖရဲသီးများ ခူးဆွတ်ရောင်းချနေကြပြီဖြစ်ရာ ဝယ်ယူစားသုံးသူ များပြား၍ ဖရဲသီးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

          မိုင်းယောင်းမြို့နယ် ကျေးရွာအုပ်စုအတွင်းမှ တောင်သူများသည် ဖရုံ၊ သခွား၊ ခရမ်းချဉ်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည့်အပြင် ဖရဲကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရာမှ‌ အောင်မြင်ဖြစ်ထွန်းကြပြီး ယခုအခါ ဒေသထွက် ရာသီပေါ်ဖရဲသီးများ ခူးဆွတ်ရောင်းချချိန် ရောက်ရှိပြီဖြစ်၍ ဖရဲသီးများ ခူးဆွတ်ရောင်းချနေကြပြီ ဖြစ်ကြောင်း ဖရဲခြံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

          နွေရာသီ ပူပြင်းသောကာလသို့ ရောက်ရှိလာရာ ဒေသရှိလူများသည် ဖရဲသီးကို အလွန်စားသုံးကြပြီး နေ့ရက်အလိုက် ရောင်းအားမတူသော်လည်း နေ့စဉ်ရောင်းချ နေရကြောင်း၊ တစ်ချို့သောစားသုံးသူများသည် ဖရဲသီးကို ခြံအထိလာရောက် ဝယ်ယူသူများလည်းရှိကြောင်း၊ ဖရဲသီးအလုံးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးကို ကျပ်တစ်ထောင်မှ ကျပ်နှစ်ထောင့်ငါးရာအထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချနေရပြီး နေ့စဉ်ရောင်းချမှု အဆင်ပြေနေကြောင်း ဖရဲခြံတစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

အားချာ(ပြန်/ဆက်)