မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

ဖယ်ခုံ  ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေးနှင့် မြို့နယ်စီမံကိန်း ဦးစီးဌာနမှူး ဒေါ်လှလှချိုတို့က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာက မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးခြင်း၊ ဆုချီးမြှင့်ခြင်းတို့နှင့် ပတ်သ်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းကျေးရွာများမှ ကျေးရွာကော်မတီ၀င်များက မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးသုံးသပ်ကြသည်။

ထို့နောက် စီမံကိန်းစာရင်းဇယားများနှင့် မြေပြင်လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်းကျေးရွာများအား ဆုချီးမြှင့်ရာ မိုင်းဖြတ်(ထက်)ကျေးရွာက စံပြကျေးရွာဆုကို လည်းကောင်း၊ ညောင်ပင်သာကျေးရွာက ငွေစာရင်းမှန်ကန်မှုဆုကို လည်းကောင်း၊ ကသဲကျေးရွာက မြေပြင်လုပ်ငန်းဆောင်ရွက်နိုင်မှု ဆုကိုလည်းကောင်း ရရှိခဲ့ကြပြီး တာဝန်ရှိသူများက ဆုဖလားနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

မြို့နယ်ပြန်/ဆက်