ရန်ကုန် ဖေဖော်ဝါရီ ၉
ရန်ကုန် (ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းသည် ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အပါအဝင် တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်တို့ရှိ အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများစွာတို့ကို စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ချယ်ရီရေယာဉ် သုံးစင်း ဖြင့် နေ့စဉ်ကူးတို့ပို့ဆောင် ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ခရီးသည်များ သွားလာမှုနည်းပါး ခြင်းနှင့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားခြင်း တို့ကြောင့် ခရီးသွားမိဘပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ပြီး သင်္ဘောခရီးစဉ်များကို နံနက် ၅ နာရီခွဲမှ စတင်ပြီး ည ၇ နာရီ နောက်ဆုံး အချိန်ထိသာ ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။
“ ဒီနေ့ကစတင်ပြီးတော့ သင်္ဘောပြေးဆွဲမယ့် အချိန်အနေနဲ့ ဒလဘက်က နံနက် ၅ နာရီခွဲမှစပြီး ညနေ ၆ နာရီ မိနစ် ၄၀ က နောက်ဆုံးအခေါက်ဖြစ်သွားမယ်။ ပန်းဆိုးတန်းဘက်က နံနက် ၆နာရီမှစပြီး ည ၇နာရီအထိ နောက်ဆုံးအခေါက် ဖြစ်သွားမယ်။ အဲဒီအချိန်နဲ့ ပြောင်းလဲပြေးဆွဲ ပေးသွားမှာပါ မူလပြေးဆွဲနေတဲ့ သင်္ဘောခရီးစဉ်သွား (၃၈ ခေါက် ၊ အပြန် ၃၈ ခေါက်ကနေ အသွား ၃၅ ခေါက်၊ အပြန် ၃၅ ခေါက်နှုန်းနဲ့ ပြေးဆွဲမှာပါ၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ခရီးစဉ်ကို အချိန်လျှော့ပြီးတော့ ပြေးဆွဲရတဲ့ အခြေအနေဖြစ်လို့ ခရီးသွားမိဘပြည်သူ တွေ သွားရေးလာရေး အဆင်ပြေဖို့အတွက် ရေယာဉ်ခရီးစဉ် အချိန်ကို ပြောင်းလဲပြေးဆွဲပေးတာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ လက်ထောက်အထွေထွေ မန်နေဂျာ ဦးလှဝင်းနိုင်က ပြောကြားသည်။
ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီးသည်သွားလာမှုအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ခရီးသည် ၁၂၃၆၂ ဦး၊ ၂ ရက်တွင် ခရီးသည် ၉၁၉၀ ဦး၊ ၃ ရက်တွင် ခရီးသည် ၈၆၇၈ ဦး၊ ၄ ရက်တွင် ခရီးသည် ၉၀၂၆ ဦး၊ ၅ ရက်တွင် ခရီးသည် ၉၁၁၇ ဦး ၆ ရက်တွင် ခရီးသည် ၅၂၅၃ ဦး၊ ၇ ရက်တွင် ခရီးသည် ၅၅၁၇ ဦး၊ ၈ရက်တွင် ခရီးသည် ၈၉ဝ၂ ဦးတို့သာ ကူးသန်းသွားလာလျက်ရှိကြောင်း၊ ခရီးသည်သွားလာမှု လျော့နည်းသွားကြောင်း ရန်ကုန် (ပန်းဆိုးတန်း) သင်္ဘောဆိပ်ကမ်းလက်မှတ်ရုံမှ သိရသည်။
လက်ရှိအချိန်တွင် အဆိုပါသင်္ဘောဆိပ်ကမ်း၌ အစိုးရရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၇ နာရီအထိ အသွား ၃၅ ခေါက်၊ အပြန် ၃၅ ခေါက် နှုန်းဖြင့်လည်းကောင်း၊ စနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်များတွင် နံနက် ၆ နာရီမှ ည ၇ နာရီ အထိ အသွား ၂၂ ခေါက်၊ အပြန် ၂ ခေါက်နှုန်းဖြင့် သင်္ဘော ခရီးစဉ်များကို အချိန်ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ နိုင်လင်းကျော်(ပြန်/ဆက်)