ရန်ကုန် − ဥက္ကံခေါက်တိုရထား ဖေဖော်ဝါရီပထမပတ်ကတည်းက ပြန်လည်ပြေးဆွဲ

ရန်ကုန် ဖေဖော်ဝါရီ ၉

ရန်ကုန် - ဥက္ကာခေါက်တိုရထား ခရီးစဉ်ကို ဖေဖော်ဝါရီ ၅ ရက်မှစ၍ ပြန်လည်ပြေးဆွဲခဲ့ရာ ခရီးသွားပြည်သူများ အဆင်ပြေလျက်ရှိသည်။

ဥက္ကံဘူတာမှ နံနက် ၆ နာရီတွင်ထွက်ခွာသော RBE တွဲ၍ တွဲ ချိတ်ဆက်ထားသည့် ခေါက်တို ရထားမှာ ရန်ကုန် ဘူတာကြီးသို့ နံနက်၉ နာရီခွဲ ရောက်ရှိပြီး ရန်ကုန်ဘူတာ

ကြီးမှ ညနေ ၄ နာရီခွဲ ပြန်လည်ထွက်ခွာ၍ ဥက္ကံဘူတာသို့ ည ၈ နာရီပြန်လည် ဆိုက်ရောက် သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ အလုပ်သမားများနှင့် ဒညင်းကုန်းဈေး တွင် ကုန်စိမ်းကြိုသောဈေးသည်များ သွားလာရေးအဆင်ပြေလျက်ရှိပြီး ခရီးစဉ်အစ၊ အဆုံး ဝန်ဆောင်ခမှာ ငွေကျပ် ၆၀၀ ဖြစ်သည်။

“ရန်ကုန်- ဥက္ကာခေါက်တိုရထား ပြေးဆွဲမှုကို ၂၀၂၀ ပြည့် နှစ် စက်တင်ဘာ ၁၂ ရက်မှာ ပိတ်ခဲ့တယ်။ ကိုဗစ်- ၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားတာ ဒီလ ၅ ရက်နေ့မှာ ပြန်ပြီး ပြေးဆွဲ တာပါ။ ရထားလိုင်းပြန်ဖွင့်တာ အချို့လည်း မသိကြသေးဘူး။ ရန်ကုန်မြို့ကို ဝန်ထမ်းတွေအပြင် ကုန်စည်စီးဆင်းမှုအတွက်လည်း အားထားတဲ့ရထားလိုင်း ဖြစ်တဲ့အတွက် ခရီးစဉ်ပြန်ပြီးအရင်လို စည်ကားလာမှာပါ။ ခရီးသွားတွေ အဆင်ပြေတယ်သိရတဲ့အတွက် မြန်မာ့မီးရထားအနေနဲ့ ပီတိ ဖြစ်ရပါတယ်”ဟု ဥက္ကံဘူတာမှရုံပိုင် ဦးစက်အောင်က ပြောသည်။

တစ်ရက် တစ်ကြိမ် အဆိုပါခေါက်တိုရထားခရီးစဉ်တွင် ရန်ကုန်ဘူတာကြီးမှ ဘုရားလမ်း၊ လမ်းမတော်၊ ပြည်လမ်း၊ ရှမ်းလမ်း၊ အလုံ လမ်း၊ ကြည့်မြင်တိုင်၊ ဟံသာဝတီ၊ လှည်းတန်း၊ ကမာရွတ်၊ သီရိမြိုင်၊ အုတ်ကျင်း၊ သမိုင်း၊ သမိုင်းမြို့သစ်၊ ကြို့ကုန်း၊ အင်းစိန်၊ ဒညင်းကုန်း၊ လှော်ကား၊ မှော်ဘီ၊ ဝါးနက်ချောင်း၊ နပန်းဆု၊ ထူးကြီး၊ ပိတောက်တန်း၊ တိုက်ကြီး၊ သနပ်ချောင်း၊ ဖလုံ၊ ဥက္ကံဘူတာတို့မှခရီးသွားတို့ကို ပို့ဆောင်ပေးလျက်ရှိပြီး ရန်ကုန်- ဥက္ကံ ၆၅ အဆန်နှင့် ဥက္ကံ ရန်ကုန် ၆၆ အစုန် ရထားတွဲဆိုင်း ၅တွဲဖြင့် ခေါက်တိုရထား တစ်ရက်တစ်ကြိမ် ပြေးဆွဲသည်။

အဆင်ပြေချောမွေ့ ရန်ကုန်ဘူတာကြီးမှ ဥက္ကံဘူတာသို့ ရထားလမ်း အတိုင်း အတာဖြင့် ၅၆ မိုင် ၅ ဖာလုံရှိပြီး ဘူတာစဉ် ပေါင်း၂၆ ဘူတာတွင် ခရီးသွားအများဆုံး စီးနင်းသော ဘူတာမှာ ရန်ကုန်ဘူတာကြီး လှော်ကား၊ မှော်ဘီနှင့် တိုက်ကြီးဘူတာတို့ ဖြစ်ကြောင်း၊ ခရီးစဉ်အစ၊ အဆုံးစီးနင်း ချိန် ၃ နာရီခွဲရှိပြီး အဆိုပါခေါက်တိုရထားမှာ ရုံးတက် ရုံးဆင်းဝန်ထမ်းတို့အတွက် အဆင်ပြေစေသည့်အပြင် ကုန်စည်စီးဆင်းမှုအတွက် အချိန်တွက်ချက်သွားလာနိုင်ကြောင်း၊ မြန်မာ့မီးရထားမှ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲ၌ ရန်ကုန်ဘူတာကြီးမှ စတင်ပြေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ဥက္ကံဘူတာမှ ဖေဖော်ဝါရီ ၅ ရက် နံနက်၆ နာရီတွင် ရန်ကုန်ဘူတာကြီးသို့ ပြန်လည် ပြေးဆွဲခဲ့ရာ အများပြည်သူ သွားလာရေး အဆင်ပြေချော့မွေ့လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- သန်းစိုး

သန်းထိုက်