ရန်ကုန် ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာသကျ အတုလမာရ်အောင် ဘွဲ့တော်ဆောင်သော ငါးထပ်ကြီး မြတ်စွာဘုရားကြီးကို ယမန်နေ့နံနက်က ဆရာတော် သံဃာတော် အရှင်သူမြတ်များ က အနေကဇာတင် ပါဠိတော်များရွတ်ဆိုပြီး ဗုဒ္ဓါဘိသေက တင်လှူပူဇော်ကာ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ဘုရားဖူးပြည်သူများအား ကိုဗစ် စည်းကမ်းချက်နှင့်အညီ နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်နှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ် အချိန်နှစ်ပိုင်းခွဲ၍ ဖူးမြော်ကြည်ညိုခွင့်ပေးထားပြီး တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာခြား၍ စေတီတော်ရင်ပြင်တွင် ဝိုင်းဖွဲ့ စားသောက်ခြင်းနှင့် စတုဒိသာကျွေးခြင်းများကို ခွင့်မပြုသေးကြောင်း ကြေညာထားသည်။
သတင်းနှင့်ဓာတ်ပုံ-အာကာစိုး