ဟိုပုံးမြို့၌ မြစိမ်း ရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုများပေးအပ်

 

ဟိုပုံး      ဖေဖော်ဝါရီလ      ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ် ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုပေးအပ်ပွဲကို ယမန်နေ့ နံနက်၁၀နာရီအချိန်တွင် လွယ်အွန့်ကျေးရွာအုပ်စု ရန်ကင်း ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်က မြစိမ်းရောင် စီမံကိန်း နှင့် ပက်သက်သည့် ကိစ္စရပ်များ မြစိမ်းရောင်ကျေးရွာနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်  သုံးသပ်ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်း ရေရှည်တည်တံ့စေရေး ချေးငွေများ ထုတ်ချေးခြင်းနှင့်ပက်သက်သည့်  အခက်အခဲကိစ္စရပ်များ ရန်ပုံငွေဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ချမှတ်သင့်သည့် စည်းကမ်းများ ချေးငွေများပုံမှန်ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်သင့် သည့်နည်းလမ်းများ ကျေးရွာကော်မတီဝင်များနှင့် အသင်းသားများ၏ အခက်အခဲ အားသာချက် အားနည်းချက်များ စီမံကိန်း အောင်မြင်ရန်လိုအပ်သော အထောက်အပံ့များ ဌာန၏ကူညီဖြေရှင်းပေးနိုင်မှု ကိစ္စရပ်များကို နည်းလမ်း တကျဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဟိုပုံးမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာကော်မတီအဖွဲ့ဝင်များ စီမံကိန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ စိန်ခေါ်မှုများ အားနည်းချက် အားသာချက်များ စိုက်ပျိုးရေး မွေးမြူရေး ကိစ္စရပ်များနှင့်ပက်သက်၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ဟိုပုံးမြို့နယ် အတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်းများမှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော စံပြမြစိမ်းရောင်ကျေးရွာ()ရွာ အား တာဝန်ရှိသူများက ဆုအသီးသီးပေးအပ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀)ဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ယူနစ်(၅၀)ဖြင့် ကျေးရွာပေါင်း (၆၂)ရွာကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

နန်းခမ်းခြူး(ဟိုပုံး)