ဆီဆိုင် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုပေးအပ်ပွဲကို ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း မှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် သုံးသပ်ဆွေးနွေး ပွဲတွင် အဓိက ဆွေးနွေးရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆီဆိုင်မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များမှ စီမံကိန်းဆောင်ရွက်ရာတွင် ကြုံတွေ့ ရသောအခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များအား ဆွေးနွေးတင်ပြကြပြီး ဆီဆိုင်မြို့နယ် အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း များမှ စွမ်းစွမ်းတမံဆောင်ရွက်သော စံပြမြစိမ်းရောင်ကျေးရွာ(၃)ရွာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်သည်။
ဆီဆိုင်မြို့နယ်၌ ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ယူနစ် ၄၇ ဖြင့် ကျေးရွာပေါင်း ၆၆ ရွာကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ပြန်/ဆက်)