ရန်ကုန်တိုင်းဒေသကြီး၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ(၁၀၀) ကျော်ကိုလည်းကောင်း၊ ပန်းဘဲတန်း မြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ(၉၀)ကျော်ကိုလည်းကောင်း၊ ဗိုလ်တထောင် မြို့နယ်တွင် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၌ ပြည်သူ(၅၀၀)ကျော်ကိုလည်းကောင်း မြို့နယ်အသီးသီးတွင် အသက် (၆၅) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် (၃) မြို့နယ်တွင် တစ်ပြိုင်နက် စတင်ထိုးနှံပေးကြသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း(၄၀)တွင် စတင်ထိုးနှံပေးလျက် ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း (၃၄)မြို့နယ်တွင် ထိုးနှံပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး (၃၄)မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူ သုံးသိန်းရှစ်သောင်းကျော်ကိုလည်းကောင်း၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူငါးဆယ်ကိုးသိန်းကျော်ကိုလည်းကောင်း ထိုးနှံပေး သွားမည် ဖြစ်သည်။

ထိုသို့ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများကို ထိုးနှံပေး ကြရာ၊ ထိုသို့ထိုးနှံခြင်းအား တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး ခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားသည့် ပြည်သူများသည် ထိုးနှံထားသည့်နေ့မှစ၍ နောက်(၂၈) ရက်အကြာတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံသွားရမည်ဖြစ်ပြီး အဆိုပါ ထိုးနှံထားသူများသည်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားထားသည့် အတိုင်း တစ်ဦးကိုတစ်ဦးအသိပေးပါ၊ သတိပေးပါ၊ Mask တပ်ပါ၊ လက်ဆေးပါ ခပ်ခွာခွာနေပါတို့ကို ဆက်လက်လိုက်နာ ကြရမည် ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)