မြစ်ကြီးနား ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်အတွင်း ပြည်တွင်းနှင့် ပြည်ပနိုင်ငံများနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် တောင့်တင်းခိုင်မာသည့် ကုန်စည်စီးဆင်းရေး အသင်းတစ်သင်းပေါ်ပေါက် လာစေရေးအတွက် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အတွင်းရှိ ကုန်စည်ပို့ဆောင်ရေး စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိအနေဖြင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရသည့်အပေါ် ပြည်နယ်၏ စီးပွားရေးအတွက် အရေးပါသည့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဖြင့် ထိရောက်အောင်မြင်ပြီး အကျိုးရှိရှိ ဆောင်ရွက်နိုင်ရေးအတွက် ယခုလို ကုန်စည်ပို့ဆောင်ရေး စီးပွားရေး လုပ်ငန်းရှင်များနှင့် ပထမဆုံးတွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ ပြည်သူသားများ၏ အလုပ်အကိုင် အခွင့်လမ်းများရရှိရေး စီးပွားရေး အခွင့်အလမ်းများ ပေါ်ပေါက်စေရေး အတွက် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများက ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု လုပ်ငန်းအခြေအနေ၊ ကုန်စည်ပို့ဆောင်ရေးကားများ ဝင်/ထွက်သွားလာရမှုများ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ညှိနှိုင်းကြပ်မတ် ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူး ကြီးကျော်လင်းအောင်၊ အတွင်းရေးမှူးတို့က ဖြည့်စွက်ရှင်းလင်း ပြောကြား ခဲ့ကြသည်။
ယင်းနောက် စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များထံမှ တင်ပြလာသည့် ကုန်သွယ်ရေးလုပ်ငန်း အခက်အခဲများအပေါ် ပြည်နယ် ကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်း နယ်စပ်ကုန်စည် ပို့ဆောင်ရေး လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်ကောင်စီမှ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး အတွက် အသင်းအဖွဲ့များ ညီညီညွတ်ညွတ်စုပေါင်း၍ တောင့်တင်းခိုင်မာအားကောင်းသည့် ကုန်စည်ပို့ဆောင်ရေး အသင်းတစ်သင်း ဖွဲ့စည်းနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ပြည်နယ်အတွင်း ကျောက်မျက် တူးဖော်ရေး၊ ကျောက်မျက်အရောင်းအဝယ်ပြပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ပြည်နယ် (ပြန်/ဆက်)