မြစ်ကြီးနား ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင် များနှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင် အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်က နိုင်ငံတော် အရေးပေါ် အခြေအနေတွင် အုပ်ချုပ်မှုယန္တရားပျက်ပြားမှုမရှိစေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုဖွဲ့စည်းပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများကို အတွေ့အကြုံရှိပြီး တိုင်းပြည် အကျိုးလိုလားသူ၊ သမာသမတ်ရှိသူများကို ဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ ပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်နိုင်ရေး အတွက် ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် ကောင်စီဥက္ကဋ္ဌနှင့် ပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ် အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်ပြီး မျှတမှုရှိစေရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်နယ်သူ/သားများ၏ စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးကို မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ရိုးရာစာပေနှင့် ယဉ်ကျေးမှုခေါင်းဆောင်များအနေဖြင့် မိမိနှင့်အတူ ပူးပေါင်းဆောင်ရွက်မည် ကိုယုံကြည် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ကောင်စီအဖွဲ့ဝင်များက အသီးသီးနှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး တိုင်းရင်းသား ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး အပါအဝင် လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြရာ ကောင်စီ ဥက္ကဋ္ဌ က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
တွေ့ဆုံပွဲသို့ အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ကောင်စီအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း၊ မြန်မာနိုင်ငံလီဆူတိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့၊ ဂျိန်းဖော၊ လချိတ်၊ ဇိုင်းဝါး၊ လော်ဝေါ်၊ ရဝမ်နှင့် ရိုးရာစာပေနှင့် ယဉ်ကျေးမှု အသင်း/ အဖွဲ့များမှ ခေါင်းဆောင် များ တက်ရောက်ခဲ့ကြသည်။
ပြည်နယ်ပြန်/ဆက်