ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား တစ်စင်းလုံး၏ ၂၅ ရာခိုင်နှုန်းပြီးစီး တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၅

စီးပွားရေးမြို့တော် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမကြီးနှင့်  ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ် ကမာကဆစ် ရပ်ကွက်ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)မြစ်ကူး တံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် တံတားတစ်စင်းလုံး၏ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။ 

ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်ရာတွင် လက်ရှိအချိန်၌ ရန်ကုန်မြစ်အတွင်း ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော် ခြင်း လုပ်ငန်းများအနေဖြင့် PY1၊  PY2 တို့၏ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကာ ဒလဘက်ခြမ်းရှိ PY1 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင်  ၂၀  လုံး၊ ရန်ကုန်ဘက်ခြမ်းရှိ PY2 အတွက် ဘိုးပိုင် ၂၃ လုံးအနက် ဘိုးပိုင် ၂၀ လုံး၊ ပင်မ တံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း စုစုပေါင်း ဘိုးပိုင် ၄၀ လုံး ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

တံတားတည်ဆောက်ရာတွင် ဒလဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင်ပေါင်း ၁၄၁ လုံး အနက် ဘိုးပိုင် ၁၂၅  လုံး ပြီးစီးလျက် ရှိရာ ရာခိုင်နှုန်းအားဖြင့်  ၈၆.၉ ရာခိုင်နှုန်း၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင်ပေါင်း  ၈၂ လုံးအနက် ဘိုးပိုင် ၇၁ လုံးပြီးစီးပြီ  ရာခိုင်နှုန်းအားဖြင့် ၈၈.၇ ရာခိုင်နှုန်းပြီးစီးလျက်ရှိကြောင်း၊ တံတားတစ်စင်းလုံး၏ ဘိုးပိုင်စုစုပေါင်း ၃၆၉ လုံးရှိသည့် အနက် ဘိုးပိုင် စုစုပေါင်း ၂၅၅ လုံး ဆောင်ရွက်ပြီးစီးကြောင်း ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေး စီမံကိန်း မှ သိရသည်။  

ထို့အတူ ရန်ကုန်ဘက်ခြမ်း ဆင်ခြေလျှောတံတား Ram A ဘိုးပိုင် ၄၈ လုံး အနက်  ဘိုးပိုင် ၄ လုံး၊  Ram B ဘိုးပိုင် ၅၂ လုံး အနက် ဘိုးပိုင် ၁၅ လုံး တူးဖော်ပြီးစီးလျက်ရှိသည်။  လက်ရှိအချိန်တွင် တံတားတည်ဆောက်ရေး လုပ်ငန်းများကို   ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တံတားတစ်စင်းလုံး၏  ၂၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလယ်ပင်မတံတား ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တံတား စီမံကိန်း ဧရိယာ လုပ်ငန်းခွင်နှင့်  ရေလမ်းကြောင်းအန္တရာယ် ကင်းရှင်းစေရေးအတွက်  တံတားတည်ဆောက်ရေး စီမံကိန်းမှ ရေယာဉ်ငယ် ၂ စီး ဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိရာ  ဖြတ်သန်းသွားလာကြမည့် သင်္ဘောများ၊ ငါးဖမ်း သင်္ဘော များ၊ မြစ်တွင်းသွား ရေယာဉ်များ အနေဖြင့် အချက်ပြဗော်ယာများကို မြစ်အတွင်းရှိ ဒလဘက်ခြမ်း နှင့် ရန်ကုန်ဘက်ခြမ်း တို့တွင် အမှတ်အသားများထားရှိပြီး  သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်း ဖြတ်သန်း မောင်းနှင်ရမည်ဖြစ် ကြောင်းသိရသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတားမှာ စုစုပေါင်း အရှည် ၆၁၂၈ ပေ၊ ပင်မတံတား အရှည် ၂၂၆၄ ပေ၊ ရန်ကုန် ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၁၈၉၁ ပေ၊  ချဉ်းကပ်တံတားအကျယ်(နှစ်လမ်းသွား) ၄၇ ပေ၊ ဒလဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ်(လေးလမ်းသွား) ၆၈ ပေ၊ ပင်မတံတားအကျယ်(လေးလမ်းသွား) ၈၇ ပေ၊ ရန်ကုန် ဘက်ခြမ်း ဆင်ခြေလျှောတံတားများ အကျယ် (တစ်လမ်းသွား) ၂၃ ပေ၊  ရေလမ်းကင်းလွတ်အမြင့် ၁၆၀ ပေ၊ ရေလမ်း ကင်းလွတ် အကျယ် ၉၈၈ ပေ၊ တံတားခံ နိုင်ဝန် ယာဉ်တစ်စီးချင်း ၇၅ တန်၊ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်အပေါ်တွင် သံမဏိ ကြိုးဆိုင်း တံတားအမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ၌ သံမဏိကြိုးဆိုင်းတံတားများတွင် အကြီးဆုံးနှင့် အရှည်ဆုံး တံတားတစ်စင်း ဖြစ်ကြောင်း၊ တံတား တည်ဆောက်ရေးစီမံကိန်းအား ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှသိရသည်။

ဒလမြစ်ကူးတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ဒေသခံပြည်သူများ၊ နယ်မြေတစ်ဆက်တည်းရှိသော  ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူ များပါ စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ အချိန်တိုအတွင်း ဆက်သွယ် သွားလာနိုင် မည်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကာ ကုန်စည်းစီးဆင်းမှုများ၊ လူ့စွမ်းအား အရင်းအမြစ်များ၊ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေမည် ဖြစ်သည်။

နိုင်လင်းကျော်(IPRD)