ဆီဆိုင် ဖေဖော်ဝါရီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်အဆင့် အရည် အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်တို့က ဖေဖော်ဝါရီ ၃ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၂၄၉.၉၆၆)သန်းဖြင့် တဘက်ကျေးရွာအုပ်စုနှင့် ကုန်းဆွတ်ကျေးရွာ အုပ်စုချင်းဆက်လမ်းဖြစ်သည့် ဝိန်းကောင်-နောင်ခမ်း-နောင်ပီ-လုံစံ-နောင်ချိုသွား မြေသားလမ်း (၇/၀)မိုင်အနက် (၂/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၉၁.၆၄၇)သန်းဖြင့် လွယ်ပွတ်ကျေးရွာအုပ်စု အတွင်းရှိ လွယ်ပွတ်-လိုက်ပေး-ဘန်းနောင်ကား (၅/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးစီးပါက ရာသီမရွေး လွယ်ကူလျန်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ခွန်ရဲထွေး(ဆီဆိုင်)